International News

ရုရှား VTB ဘဏ်သည် အိန္ဒိယရူပီးငွေဖြင့် ငွေစာရင်းအကောင့်များ စတင်ဖွင့်လှစ်ခဲ့

Last Updated:

ရုရှား VTB ဘဏ်သည် ၎င်း၏ဖောက်သည်များအတွက် ရရှိနိုင်သော ငွေကြေးစာရင်းကို တိုးချဲ့လိုက်ပြီး လက်ရှိတွင် ၎င်းတို့သည် အိန္ဒိယရူပီဖြင့် ငွေစာရင်းအကောင့်တစ်ခုဖွင့်ကာ ငွေလဲလှယ်ခြင်းလုပ်ငန်းများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း VTB ဘဏ်ဘုတ်အဖွဲ့၏ ဒုဥက္ကဋ္ဌ Mr. Anatoly Pechatnikov က ပြောကြားခဲ့သည်။

VTB ဘဏ်ဖောက်သည်များသည် အိန္ဒိယရူပီးငွေဖြင့် ငွေစာရင်းဖွင့်လှစ်နိုင်ပြီး VTB ဖောက်သည်များအကြား ရူပီဖြင့် ငွေကြေးလွှဲပြောင်းရန် အခွင့်အလမ်းရှိပြီဖြစ်ကြောင်း၊ ဘဏ်သည် ဒေါ်လာအသုံးပြုမှုလျှော့ချရေးအလားအလာကို ပံ့ပိုးပေးသောကြောင့် ဖောက်သည်များအတွက် သုံးစွဲနိုင်သည့် ငွေကြေးစာရင်းကို အဆက်မပြတ်ချဲ့ထွင်လျက်ရှိပါကြောင်း၊ အိန္ဒိယရူပီးငွေဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုအခြေအနေသည် နိုင်ငံသုံးငွေကြေးဆိုင်ရာအသေးစိတ်အချက်အလက်များအတွက် လက်ရှိငွေပေးချေမှုပုံစံနှင့် တူညီမည်ဖြစ်ကြောင်း Russia-24 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိတွင် VTB ဘဏ်၏ ဖောက်သည်များသည် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ ငွေလွှဲပို့နိုင်ပြီး နှစ်ကုန်ပိုင်းတွင် နိုင်ငံပေါင်း ၃၀ အထိ ၃ ဆနီးပါး တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးခရီးစဉ်များအတွက် ဘဏ်၏ဖောက်သည်များကြားတွင် ဝန်ဆောင်မှုအသစ်များသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် VTB သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အိန္ဒိယရူပီးတိုက်ရိုက်ငွေပေးချေမှုကို စတင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား ယွမ်၊ ရူပီး၊ ရူဘယ်လ်နှင့် နိုင်ငံသုံးငွေကြေးများဖြင့် လွှဲပြောင်းနိုင်မည့်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပြီး ကုန်သွယ်မှုမြှင့်တင်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source : https://ria.ru/20230802/rupii-1887752437.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News